International News

ထိုင်းနိုင်ငံထွက် အဆင့်မြင့်သစ်သီးဝလံများကို အွန်လိုင်းပလက်ဖေါင်းများမှတစ်ဆင့် ရောင်းချရေး ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စီစဉ်နေခြင်း

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်  အဆင့်မြင့် သစ်သီးများရောင်းချနိုင်ရန် ထိပ်တန်းအွန်လိုင်းပလက်ဖေါင်း (၇)ခုနှင့် ပူးပေါင်းပြီး ရိတ်သိမ်း ရာသီအတွင်း လယ်သမားများ၏ထုတ်ကုန်များ ရောင်းချရှင်းလင်းနိုင်အောင် နောက်ဆုံးကြိုးပမ်းမှု တစ်ရပ်လည်းဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဝန်ကြီး Mr,.Jurin Laksanawisit ၏ ပြောကြားချက်အရ သစ်သီးခြံရှင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၎င်းတို့၏ ခြံထွက်သစ်သီးများကို တင်ပို့ နိုင်ခြင်းမရှိသောကြောင့် ယခုအခါ ၎င်းတို့၏ ထုတ်ကုန်များကို အွန်လိုင်းဖြင့် ရောင်းချခြင်းဖြင့် ကူညီပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

နောက်ဆုံးအစီအစဉ်အရ ပြည်တွင်းရှိစားသုံးသူများအနေဖြင့် ပြည်ပပို့ကုန်အရည်အသွေး အဆင့်အတန်းရှိ သစ်သီးဝလံများဖြစ်သော သရက်သီး၊ ဒူရင်းသီး၊ မင်းဂွတ်သီး၊ လောင်ဂန်သီး၊ လိုင်ချီးသီးတို့အား ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ ပါဝင်ကြမည့်အွန်လိုင်းပလက်ဖေါင်းများမှာ Thailandpostmart ၊ Shopee ၊ Lazada၊ JD Central ၊ Jatujakmall ၊ Cloudmall ၊The Hub Thailand တို့ဖြစ်ကြပါသည်။

မစ္စတာဂျူရင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အွန်လိုင်း အရောင်းအစီအစဉ်တွင် ပါဝင်ရန် လယ်သမားများ၊ သမဝါယမများ၊ ရပ်ရွာလူထု အခြေပြု စီးပွားရေးလုပ်ငန်းများနှင့် ပြည်ပတင်ပို့သူများ စုစုပေါင်းအုပ်စု (၅၀) ကျော်အား အစီအစဉ်တွင် ပါဝင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ပို့ကုန်တင်ပို့မှုတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယမန်နေ့က မိတ်ဖက်ပြုလုပ်ခဲ့သည့် Octorocket. asia အပြင် ထိုင်းနိုင်ငံရှိ သစ်သီးများ အတွက် အွန်လိုင်းအရောင်းအား ပိုမိုတိုးမြှင့်နိုင်ရန်အတွက်  အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအား  တရုတ်နိုင်ငံ၏ China’s TMall အပါအဝင် အိနိ္ဒယနိုင်ငံရှိ India’s Bigbasket ၊ ကမ္ဘောဒီးယားနိုင်ငံရှိ Cambodia’s Khaleang.com ၊ ဂျပန်နိုင်ငံရှိ Japan’s Aeon၊ စင်္ကာပူနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ရှိ Amazon နှင့် တောင်ကိုရီးယား၏ South Korea’s Lottle စသည့် များစွာသော ထိပ်တန်းအွန်လိုင်းပလက်ဖေါင်းဉီးဆောင်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ ပါသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနအား ထိုင်းပြည်ပတင်ပို့သူများနှင့် နိုင်ငံခြားဝယ်လက်များတို့အကြား သစ်သီးဝလံများ ရောင်းချနိုင်ရေးအတွက် စီးပွားရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ (Business Matachings ) များအား ဆက်လက်ကျင်းပဆောင်ရွက်သွားရန်လည်း ညွှန်ကြားခဲ့ပါသည်။ တောင်ကိုရီးယား သွင်းကုန် တင်သွင်းသူများနှင့် နောက်ဆုံးသရက်သီး တင်ပို့ရောင်းချမှုဆိုင်ရာ စီးပွားရေးတွေ့ဆုံပွဲ ကျင်းပခဲ့ပြီးနောက် သရက်သီး တန်ချိန်(၃,၂၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅) သန်းအား တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။

မစ္စတာဂျူရင် က အစိုးရအနေဖြင့် တရုတ်နိုင်ငံသို့ ကုန်းလမ်းမှ သစ်သီးဝလံတင်ပို့နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းမှာ မနက်ဖြန်မှစ၍ အသက်ဝင် မည်ဖြစ်ကြောင်း၊ လာအိုနှင့် ဗီယက်နမ်တို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဖြတ်သန်းသယ်ဆောင်နိုင်ရေး ပိုမိုအဆင်ပြေစေရေးအတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်စစ်ဆေးရေးဂိတ် (၄) ခုဖြစ်သော Mohan ၊ Youyi Guan ၊ Dongxing၊ Pinxiang စသည့်နယ်စပ်ဂိတ်များမှတစ်ဆင့် သစ်သီး များကိုတင်ပို့လျှက်ရှိပါသည်။ ယမန်နှစ်က တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံမှ လတ်ဆတ်၊ အေးခဲနှင့် အခြောက်ခံထားသော သစ်သီးဝလံ တင်ပို့မှုမှာ စုစုပေါင်း သစ်သီး တင်ပို့မှု၏ (၅၇%) ရှိပြီး ဝင်ငွေမှာ တန်ဖိုးအားဖြင့် ဘတ်ငွေ (၆၄.၅) ဘီလီယံ ရရှိခဲ့ပါသည်။ ထိုင်း လတ်ဆတ်သော သစ်သီးကုန်သည်များနှင့် ပြည်ပတင်ပို့သူများအသင်း မှ ယခုနှစ်အတွက် သစ်သီးဝလံတင်ပို့မှုမှာယမန်နှစ်ကတင်ပို့ခဲ့သော ဘတ်ငွေ (၁၁၃)ဘီလီယံထက် (၁၀%) ခန့်မြင့်တက်နိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရှိနေသော်လည်း တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှ ဝယ်လိုအား မြင့်တက်နေမှုကြောင့်ဖြစ်ကြောင်သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News